နှံ့စပ်အောင်လုပ်
လူငယ်များအတွက် နည်းလမ်းကောင်းတခု ညွှန်ကြားပါရစေ။ ၎င်းနည်းလမ်းမှာ လူငယ်တိုင်း၊ လူငယ်တိုင်း အလုပ်အမျိုးမျိုး၌ နှံ့စပ်အောင် တက်နိုင်သမျှကြိုးစား သင်ကြားရန်ပင် ဖြစ်သည်။ မည်သည့်ပညာကိုမဆို လေ့လာသင်ကြားသင့်၏။ အလုပ်အကိုင်အမျိုးမျိုးကိုလည်း အခွင့်အရေးရက လုပ်ကိုင်သင့်၏။ မည်သည့် အလုပ်၌မဆို၊ မိမိအတွက်သင့်လျှော်အောင် အကျိုးရှိအောင်ကြိုးစား သင်ကြားသင့်၏။
အလုပ်တခုတည်းကို လုပ်နေခြင်းမှာ အလုပ်ဝိဇ္ဖာ ဖြစ်နိုင်သဖြင့် ကောင်းပါ၏။ သို့သော် အလုပ်တခုတည်းကိုသာ လုပ်ကိုင်တက်သော သူသည် အလုပ်ပြုတ်သွားက အလုပ်သစ် ရရန် အခက်အခဲ တွေ့ကြုံရတက်လေသည်။
ယခုခေတ်သည် လောကဓာတ်ပညာ ထွန်းကားနေသော ခေတ်ဖြစ်သည်။ လောကဓာတ်ပညာ ထွန်းကားမှုကြောင့် နည်းသစ်နည်းဆန်းများနေ့စဉ်ပေါ်ပေါက်လာပေရာ အလုပ်တခုတည်း၌ ၀ိဇ္ဖာဖြစ်နေသောသူများမှာ ရှေးကထက် အလုပ်ပြုတ်မြန်မှာ မလွဲဧကန်ဖြစ်၏။
ရှေးအခါက ရက်ကန်းအလုပ်ဖြင့် အသက်မွေးသူများသည် ယခုအခါအထည်စက်ကြီးများ ပေါ်ပေါက်လာသဖြင့် အလုပ်ပြုတ်ကြရသည်ကို လက်တွေ့တွေ့မြင်ခဲ့ရ၏။ ရက်ကန်း တခုတည်း၌သာ ကျွမ်းကျင်နေသူသည် အခြားအလုပ်သစ်တခုကို ရုတ်တရက် ၀င်ရောက် လုပ်ကိုင်နိုင်မည်မဟုတ်ပေ။
ကျွန်ုပ်သည် အလုပ်တခုတည်းကိုသာ စွဲမြဲလုပ်ကိုင်တက်ခြင်းမရှိ။ အလုပ်အမျိုးမျိုး အချိန်ရသလောက် လေ့လာလုပ်ကိုင်လျှက်ရှိသည်။ ကျောင်းမှ ထွက်လျှင်ထွက်ခြင်း ကျောင်းဆရာ အလုပ်ကိုလုပ်၏။ ဆရာလုပ်နေစဉ် အရောင်းအ၀ယ်လုပ်ငန်း၊ ကိုယ်စားလှယ် လုပ်ငန်းများကို အချိန်ပိုရတိုင်း သင်ကြားလုပ်ကိုင်ခဲ့သည်။ ကမ္ဘာစစ်ကြီးအတွင်းတွင် ဆရာအလုပ် မရှိသောအခါ ကုန်သည် အလုပ်ကို အတော်အသင့် ပိုင်နိုင်စွာလုပ်ကိုင်နိုင်ခဲ့သဖြင့် အကျပ်အတည်းမတွေ့ခဲ့ရပေ။
အထွဋ်အထိပ်သို့ ရောက်အောင်တက်နိုင်သော လူငယ် များသည် မည်သည့် အလုပ်ကိုမဆို လေ့လာသင်ကြား၍ အလုပ်အမျိုးမျိုး လုင်ကိုင်နိုင်သူများသာဖြစ်၏။ အလုပ်တခုတည်းကိုသာ လုပ်ကိုင် တက်သောသူသည် တလမ်းသွားသာ ဖြစ်သည်။ တလမ်းသွားသည် အခြားလမ်းကို မသွားတက်။
ယခုကဲ့သို့ အပြောင်းအလွဲ မြန်နေသော ခေတ်မျိုးတွင် လူငယ်တိုင်း တလမ်းသွားမဖြစ်သင့်။ လမ်းအမျိုးမျိုးသွားတက်အောင် ကြိုးစားရမည်။ နှံ့စပ်စွာပြုလုပ်တက်ခြင်း၏ တန်ဘိုးကို သိရှိနားလည် ထားရမည်။ အမျိုးမျိုးသိရှိတတ်ကျွမ်းလေလေ၊ ကိုယ့်အတွက် စိတ်ချရလေလေဖြစ်သည်။
Thursday, August 6, 2009
Subscribe to:
Post Comments (Atom)

No comments:
Post a Comment