သိအောင်ကြိုးစား
ကျွနုပ်မသိသော အရာဝတ္ထုတခုကို အဆွေနားလည်အောင် ရေးသားဖေါ်ပြရမည်ဆိုက အချိန်များစွာ ကုန်ပေလိမ့်မည်။ ထို့အတူအဆွေနားမလည်သော အလုပ်တခုကို အဆွေလုပ်ကိုင်ရက အချိန် အတော်ကြာမှ ပြီးပေလိမ့်မည်။
အဆွေ့စိတ်ထဲ၌ မသဲမကွဲဖြစ်နေသော အကြောင်းတရပ်ကို အဆွေ့စိတ်ထဲ၌ ထင်ရှားသဲကွဲလာအောင် ပြောဆိုရက စကားလုံးပေါင်းများစွာလိုပေလိမ့်မည်။ ထို့အတူ အဆွေ့စိတ်ထဲ၌မသဲကွဲသော အလုပ်တခုကို လုပ်ကိုင်ရက အဆွေ့မှာ မရေတွက်နိုင်သော ကြိုးစားမှုများကိုပြုလုပ်ရပေလိမ့်မည်။
အဆွေ၏ဦးနှောက်သည် ရှုပ်ထွေးသော အရာများကို လက်ခံတက်သော သဘောမရှိ၊ ဥာဏ်ဦးနှောက်၌ စွဲမြဲစေလိုက မည်သည့်အရာကိုမဆို၊ မည်သည့်အလုပ်ကိုမဆို ရှင်းလင်း၊ ပြတ်သားစွာ နားလည်အောင် ကြိုးစားရပေလိမ့်မည်။
မည်သည့်ပြဿနာမျိုးမဆို ဖြေရှင်းတော့မည်ဆိုက ၎င်းပြဿနာကိုသေချာစွာ မသိ သိအောင် ပြုလုပ်ရမည်မှာ လူတိုင်း၏ တာဝန်ဝတ္တရားဖြစ်သည်။ ပြဿနာတခုကိုသူတပါးနားလည်အောင်ပြောဆိုရခြင်းသည် အလွန်ကြီးလေးခက်ခဲသော အလုပ်တခုဖြစ်၏။
ထို့ကြောင့်နားမလည်သောအလုပ်တခုကို လုပ်တော့မည်ဆိုက ပထမဦးစွာ မိမိနားလည်အောင်လုပ်ရမည်။ ၎င်းနောက်သူတပါးနားလည်အောင်ပြောပြတက်ရမည်။ သို့သော် နှစ်မျိုးလုံးကိုတချိန်တည်းမပြုလုပ်ရ။
အလုပ်တခုခုကို လုပ်တော့မည်ဆိုက ၎င်းအလုပ်၌ စိတ်ဝင်စားရမည်။ အသေးစိတ်လေ့လာရမည်။ အဆွေ၏စိတ်၌ရှင်းလင်းပြတ်သားစွာ ထင်မြင်လာအောင် အာရုံစူးစိုက်ရမည်။
မိမိမသိ နားမလည်သော အလုပ်ကို သိအောင်လုပ်တက်ခြင်းသည် အရေးကြီးလှပေ၏။
Sunday, June 14, 2009
၂၇။ အမြဲလုပ်
အမြဲလုပ်
အလုပ်တခု ပြီးလျှင်ပြီးခြင်း အခြားအလုပ်တခုကို ဆက်၍လုပ်ပါ။ ရပ်နားမနေပါနှင့်။ အချိန်ဆွဲမနေပါနှင့်။ စိတ်ထွေမနေပါနှင့်။ စိတ်မပါတပါ ဖြစ်မနေပါနှင့်။ စောင့်မနေပါနှင့်။ အမြဲလုပ်ပါ။ ဘာမျှမလုပ်ဘဲ နေသည်ထက် တခုခုလုပ်နေခြင်းက ပိုမိုကောင်းမွန်သည်။
အလုပ်လုပ်ကိုင်နေခြင်းသည် အထက်သို့ တိုးတက်လိုသော စိတ်ဓာတ်ပေါ်ပေါက်စေနိုင်၏။ ရှေးကထက် အင်အားတိုးတက်လာစေနိုင်သည်။ ရှေးကထက် အဆင့်အတန်း ပိုမိုမြင့်တက်လာစေနိုင်သည်။ ရှေးကထက် တန်းခိုးအာဏာ တိုးတက်လာစေနိုင်သည်။
အချိန်ဆွဲကာ နှောင့်နှေးနေခြင်းသည် အသက်သာ ခိုလိုသော စိတ်ဓာတ် ပေါ်စေတက်၏။ ပျင်းရိခြင်း၊ အချိန်ရွေ့ခြင်း၊ ငိုက်မြည်းခြင်းများ ဖြစ်ပေါ်စေတက်၏။
ဘာမျှမလုပ်ဘဲ ထိုင်နေရုံနှင့် စိတ်ဓာတ်တက်ကြွလာလိမ့်မည်ဟု မယုံကြည်ပါနှင့်။ ပျင်းရိနေသူများသည် စိတ်ဓာတ်တက်ကြွခြင်းမရှိ။ အမြဲအလုပ်ရှုပ်နေသူများသာ စိတ်ဓာတ်တက်ကြွခြင်း ရှိနိုင်လေသည်။
အလုပ်မလုပ်ဘဲ စောင့်မျှော်နေခြင်းအတွက် ဖြုန်းတီးမိသည့်အချိန်များကို ချွေတာနိုင်သမျှချွေတာပါ။ အလုပ်တခုပြီးလျှင် နောက်အလုပ်အတွက် လုပ်ကိုင်ရန် စီစဉ်ပါ။ စီစဉ်ထားသည့် အတိုင်း တသွေမတိမ်းလုပ်ကိုင်ပါ။ အမြဲလုပ်ပါ။

၂၁။ ကြောက်စိတ်
ကြောက်စိတ်
အချို့လူများသည် "တစုံတခု" ကိုကြောက်လန့်နေကြသည်။ အချို့လူများသည် "တစုံတယောက်" ကိုကြောက်လန့်နေကြသည်။ ပထမ လူစုမှာ အလုပ်ပြုတ်ခြင်း၊ စည်းစိမ် ပျက်စီးခြင်း၊ လင်မယားသားသမီး ချစ်သူများနှင့် ကွဲကွာခြင်း စသည်တို့နှင့် တွေ့ကြုံရမည်ကို ကြောက်ရွံ့ခြင်းဖြစ်သည်။ ဒုတိယလူစုမှာ အထက်လူကြီးကို ဖြစ်စေ အောက်လူငယ်များကို ဖြစ်စေ၊ လင်ကိုဖြစ်စေ၊ မယားကိုဖြစ်စေ၊ သားသမီးကိုဖြစ်စေ၊ သူငယ်ချင်းကို ဖြစ်စေ ကြောက်လန့်နေသူများ ဖြစ်သည်။
၎င်းအကြောက်သမား ၂-မျိုးရှိသည့်အနက် ပထမအကြောက်သမားထက် ဒုတိယ အကြောက်သမားမျိုးမှာ သာ၍ ဆိုးလေသည်။ ဒုတိယ အကြောက်သမားသည် လူလူချင်း ကြောက်ရွံ့စရာ မဟုတ်ဘဲလျက် ကြောက်ရွံ့ နေသူများပေတည်း။
ကြောက်ခြင်းနှင့် ပက်သက်၍ ရယ်စရာ ကောင်းသော အချက်တရပ်မှာ ကြောက်ခြင်းကို အခြေအမြစ် လိုက်ရှာက ဘာမျှ မတွေ့ရခြင်းပင် ဖြစ်သည်။ လူများသည် ယခုလက်ရှိ သတ္တိကို အနည်းငယ် တိုးလိုက်ပါက ကြောက်ခြင်းမှာ ချက်ခြင်း ပျောက်ကွယ် သွားပေလိမ့်မည်။
အလုပ်ပြုတ်မည်ကို လူတိုင်းကြောက်နေကြ၏။ ထိုကဲ့သို့ ကြောက်နေသောအခါတွင်လူကြီးထံသို့သွားပါ။ အလုပ်နှင့်ပက်သက်၍ ကြေနပ်ခြင်း ရှိမရှိကို မေးမြန်းပြီးနောက် အလုပ်နှင့် ပက်သက်၍ မည်ကဲ့သို့တိုးတက် လုပ်ကိုင်ရမည်ကို အကြံညဏ်ပေးရန် တောင်းပန်ရမည်။ ထိုအခါ ကြောက်စိတ်ပျောက်သွားပေလိမ့်မည်။
မည်သည့်ကြောက်စိတ်မျိုးကိုမဆို ငါမကြောက်ဘူး၊ ငါမကြောက်ဘူး ဟုကြုံးဝါးလိုက်က ပပျောက်သွားစေနိုင်သည်။ကြောက်စိတ်ကို နဖူးတွေ့ ဒူးတွေ့ မျက်နှာခြင်းဆိုင်၍ ကြောက်စိတ်၏ ပုံသဏ္ဌာန်ကိုမြင်အောင်ရှုရမည်။ ဤကားကြောက်စိတ်ပျောက်အောင် လုပ်နည်းတည်း။ သို့သော် ကြောက်စိတ်ကို မြင်အောင်ရှုရန် ကြောက်ရွံ့နေခြင်းအတွက် အကြောက်မပြေဘဲ ပို၍ကြောက်နေ ကြခြင်းမျှသာ ဖြစ်သည်။

Subscribe to:
Posts (Atom)