ချွေတာတိုင်းမကောင်း
စည်းစံနစ်ကျကျချွေတာခြင်းသည် အကောင်းဆုံးဖြစ်သည်။ မငြင်းပါ။ သို့သော် အသေးအဖွဲ့ကိစ္စကလေးများ၌ ချွေတာနေခြင်းသည်ကား လိမ်မာသော လုပ်ငန်းမဟုတ်ချေ။
၅-ပြား၊ ၁၀-ပြား နှမြောသဖြင့် ငွေထောင်သောင်းဆုံးရှုံးရသော သူမျိုးကို အများအပြားတွေ့ရဘူးသည်။ အသေးအဖွဲ၌ ချွေတာနေသူသည် ရေရှည်ကျိတ်လာသောအခါ ၀င်ငွေမတိုးဘဲ ၀င်ငွေ ဆုတ်ယုတ်လာတက်လေသည်။
အလွန်နှမြော တွန့်တိုသော လယ်သမား တဦးသည် ချွေတာရေးအတွက် နွားတစ်ကောင်ကို စမ်းသပ်ကြည့်၏။ ၎င်း၏ စိတ်တွင် နွားသည်အစာများများစားသည်။ ချွေတာကျွေးမှ တော်မည် ဟု စဉ်းစားမိသည်။
၎င်းသည် နွားကို နေ့စဉ် အစာလျှော့လျှော့ ကျွေး၏။ နောက်မှ တဖြည်းဖြည်းကြာလာသောအခါ မြက်တဆုပ် လောက်သာ ကျွေးတော့၏။ အစာမ၀၍နွားသည် သေဆုံး၏။ ထိုသူကား နွားပိုင်ရှင် မခေါ်ထိုက်သူပေတည်း။
၎င်းလယ်သမားကဲ့သို့ လုပ်ငန်းများ တွင်လည်း မချွေတာ သင့်ကို ချွေတာနေကြသောသူများရှိသည်။ ပိုက်ဆံ ၅-ပြားသုံးရမည်ကိုပင် တွက်ကပ်နေကြသည်။ ၎င်းတို့၏လုပ်ငန်းမှာ နွားကဲ့သို့သေကြရလေသည်။
ပိုက်ဆံ ၁၀-ပြားစုမိရေးအတွက် တန်ဘိုးမဖြတ်နိုင်သော အချိန်တမိနစ်ကို အလဟဿဖြုန်းတီးပစ်ပါမည်လော။ အချိန်တမိနစ်ဖြုန်းတီးပစ်ခြင်းထက် ငွေကုန်ဆုံးခြင်းက ပိုကောင်းကြောင်း အမြဲသတိထားပါလေ။ ၀င်ငွေမှ ခြစ်ခြစ်ချုတ်ချုတ် ချွေတာစုဆောင်း နေခြင်းထက် မိမိ၏၀င်ငွေ တလထက်တလ တနှစ်ထက်တနှစ် ပိုမိုတိုးပွားလာအောင် ကြိုးစားခြင်းက ပို၍ကောင်းသည်။
ဝင်ငွေပိုရအောင် စူးစိုက်ကြိုးစားခြင်းဝါဒသာလျှင် လိမ်မာသော ၀ါဒဖြစ်ပါသည်။ အသေးအဖွဲ၌ နှမြောနေစရာမလို။ အပြင်မှ ၀င်ငွေပိုသည်ထက်ပိုအောင် ကြိုးစားပါ။ ၀င်ငွေပိုလာလျှင် အတွင်း၌ ယိုထွက်နေသော အပို အကုန်အကျ အနည်းငယ်မှာ အရေးလုပ်စရာ မရှိပါ။
Thursday, August 6, 2009
Subscribe to:
Post Comments (Atom)

No comments:
Post a Comment