Wednesday, July 8, 2009

၄၅။ တိုးတက်အောင်လုပ်ပါ

တိုးတက်အောင်လုပ်ပါ


တနှစ်ထက်တနှစ် တိုးတက်အောင် မလုပ်နိုင်သောလုပ်ငန်းရှင် အမြောက်အများကို တွေ့ရသည်။ တခါလာလဲ မဲပြာပုဆိုး ဖြစ်နေသောလုပ်ငန်းရှင်များ ပေါများလှ၏။     ဤလုပ်ငန်းရှင်များမှာ ဟိုနေရာဒီနေရာ၌သာ အနည်းငယ်တိုးတက်၍ လုပ်ငန်းတစ်ခုလုံးမှာ တိုးတက်ခြင်း မရှိတက်ချေ။ ၎င်းတို့၏ ယခုအနေသည် လွန်ခဲ့သော ၁၀ နှစ်ခန့်က အခြေအနေနှင့် ကွဲပြားခြင်းမရှိ။ အတူတူပင်ဖြစ်နေတက်ကြ၏။

"ကျွန်ုပ်တို့စသောနေရာက ရှေ့ကိုတိုးကြလော့" ဟုကြွေးကြော်သံ ကြားရတိုင်း အဆိုပါ လုပ်ငန်းရှင်များကိုသတိရမိသည်။

လုပ်ငန်းရှင်တိုင်းပင် တိုးတက်ရေးအတွက် မှန်းထားချက်ရှိရမည်။ လွန်ခဲ့သောနှစ်က ငွေ ၂၀၀၀၀ ၀င်အံ့။ ယခုနှစ်တွင် ငွေ ၂၅၀၀၀ ၀င်အောင်လုပ်မည်ဟု မှန်းထားချက်ထားရမည်။

နှစ်စဉ်နှစ်စဉ် အနည်းငယ်မျှ တိုးတက် ချဲ့ထွင်ခြင်း မရှိပါက အလုပ်လုပ်ရခြင်း၏ အကျိုးရှိမည် မဟုတ်။ မတိုးတက်ခြင်းသည် အဆွေတွင် ချို့ယွင်းချက်ရှိခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ အလုပ်ကျွမ်းကျင်သောသူတဦးအား တိုးတက်အောင် ပြုလုပ်ပေးရန် ပင့်ဘိတ်၍ အကူအညီတောင်းပါလေ။

နှစ်စဉ်ဝင်ငွေနှင့် ထွက်ငွေ စာရင်း ပြုလုပ်ထားပါလေ။ တနှစ်ထက်တနှစ် ၀င်ငွေမတိုးခဲ့သော် အဆွေတွင် ထိုးထွင်းသောဥာဏ်နှင့် စိတ်အားထက်သန်ခြင်း မရှိခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ စသောနေရာမှ ရှေ့သို့ တိုးတက်စေလိုသော လုပ်ငန်းရှင် တဥိးသည် နှစ်စဉ်အနည်းနှင့်အများ တိုးတက်အောင် ကြိုးစားရမည်။ မကြိုးစားက တနှစ်နှစ်တွင် အကြပ်အတည်း မုချတွေ့ရပေလိမ့်မည်။

၄၁။ မိမိဂုဏ်

မိမိဂုဏ်

ကျွန်ုပ်သည် ငွေကို ရနိုင်သမျှရအောင် ကြိုးစားရှာဖွေခဲ့သည်။ သို့သော် ငွေရှာရာ၌ ငွေထက်အဘိုးတန်သော ပစ္စည်း တခုကိုကား မပျောက်ဆုံးအောင် အမြဲသတိထားလေ့ရှိသည်။

ငွေထက်အဘိုးထိုက်တန်သော ပစ္စည်းဆိုသည်မှာ အခြားမဟုတ် မိမိဂုဏ်ကို မိမိရိုသေခြင်းပင်ဖြစ်သည်။ ငွေကို မက်မောခြင်းဖြင့် မိမိဂုဏ်ကိုမိမိမရိုသေဘဲ ငွေရလျှင်ပြီးရော သဘောမျိုးထားတက်သည့်သူများကို မကြာခဏ တွေ့ရပေသည်။ ဥပမာ လူတယောက်သည် ငွေမျက်နှာကိုကြည့်၍ လိမ်လည်ပြောဆို၏။ ထိုသူမှာ ငွေရသော်လည်း မိမိဂုဏ်ကို မရိုသေရာရောက်နေတော့၏။

မိမိဂုဏ်ကို မိမိရိုသေခြင်းသည် အလွန်အဘိုးထိုက်တန်သော ငွေစက္ကူနှင့်တူ၏။ ဤငွေစက္ကူမျိုးသည် ဘဏ်တိုက်ကြီးများရှိ ငွေထက် အဘိုးတန်လေသည်။ မိမိဂုဏ်ကိုမိမိပျက်အောင် ငွေရှာလေ့ရှိသူသည် အဘိုးတန်ငွေစက္ကူဆုံးရှုံးသွားသူနှင့်တူပေရာ သနားစရာကောင်းလှသည်။

ဘဏ်တိုက်၌ငွေမရှိသော်လည်း အဘိုးတန် ငွေစက္ကူများစွာပိုင်သူများကို အနည်းငယ်တွေ့ရဘူးသည်။ ၎င်းတို့မှာ မိမိဂုဏ်ကို မိမိရိုသေ၍ အဂတိ မလိုက်စားတက်သောသူများဖြစ်၏။ မိမိဂုဏ်ကို မိမိရိုသေခြင်းသည် ပျော်ရွှင်မှုအစစ်ကို ရရိုစေနိုင်၏။ မိမိဂုဏ်ကို မိမိရိုသေသောသူသည် စိတ်ထားကြည်လင်၍ မိတ်ကောင်းများစွာရရှိနိုင်လေသည်။

မိမိဂုဏ်ကို မိမိရိုသေတက်သူသည် ဂဏန်းဖြင့်ရေတွက်မပြနိုင်သည့် အဘိုးတန် ငွေစက္ကူများဖြင့် ပြည့်စုံချမ်းသာနိုင်ပေ၏။ ၎င်းငွေစက္ကူများကို မည်သည့်အစိုးရကမျှ အမြတ်တော်ကြေးမကောက်နိုင်။

ယခုခေတ်သည် ဓနခေတ်ဖြစ်၍ ငွေကိုအပြင်းအထန် ရှာဖွေနေကြရာ ပျော်ရွှင်မှုအစစ်တည်းဟူသော အဘိုးတန်ငွေစက္ကူများများရရှိနိုင်ရန်ကိုလည်း အထူးသတိပြုသင့်လှ၏။

Monday, July 6, 2009

၃၉။ ရှေ့မီးနောက်မီး

ရှေ့မီးနောက်မီး

မော်တော်ကားတိုင်း၌ ရှေ့မီးနောက်မီးနှစ်မျိုးရှိသည်။ ထို့အတူပင်
အဆွေ၌လည်း ရှေ့မီးနောက်မီးနှစ်မျိုးရှိသည်။ အဆွေ၏မီးပွင့်နှင့်ပက်သက်၍
အချိန်အနည်းငယ်အကုန်ခံကာ စဉ်းစား ဆင်ခြင်ပါလေ။

အဆွေ၏ ရှေ့မီးဆိုသည်မှာ ဦးနှောက်နှင့် သက်ဆိုင်သည့် စဉ်းစားဥာဏ်
ဖြစ်သည်။ အဆွေ၏ နောက်မီး ဆိုသည်မှာ မှတ်ဥာဏ်ကောင်းခြင်းကို ဆိုလိုသည်။

လူတယောက်သည် စဉ်းစားဥာဏ်ကို အသုံးပြုတိုင်းပြုတိုင်းပင် အနာဂတ်
ကိစ္စနှင့်ပက်သက်၍ ဆက်သွယ်နေသည်ဟု ဆိုရပေမည်။ လူတယောက်သည် လွန်ခဲ့သော
အဖြစ်အပျက်များကို အမှတ်ရအောင် ပြုတိုင်းပြုတိုင်း အတိတ်ကိစ္စနှင့်ပက်သက်၍
ဆက်သွယ်နေသည်ဟုဆိုရပေမည်။

ရှေ့မီးဟူသော စဉ်းစားဥာဏ်သုံးတက်သူသည် ရှေ့သို့ ချီတက်ရန်
အမြဲကြံဆနေသူအစစ်ဖြစ်၏။ နောက်သို့လှည့်ကြည့် နေသူမဟုတ်။ တိုးတက်ရေး၌
ခေါင်းဆောင်နေသူများသည် "ရှေ့မီး" ကို အမြဲသုံးစွဲ နေသူများသာဖြစ်သည်။

နောက်မီးတခုတည်းကိုသာ အမြဲသုံးစွဲ နေသော လူသန်းပေါင်းများစွာရှိလေသည်။
ထိုသူများကား ပိုးစုန်းကြူးနှင့်တူသည်။ ပိုးစုန်းကြူးသည် တောက်ပသော်လည်း
စိတ်ကူးတက်သော သတ္တ၀ါ မဟုတ်။ နောက်မီးတခုတည်းဖြင့်သာ လှည့်လည်
ပျံသန်းနေခြင်းမျှသာဖြစ်သည်။

လူတယောက်သည် လုပ်နေကျ အလုပ်တခုကိုဖြစ်စေ၊ လွယ်ကူသောအလုပ်ကိုဖြစ်စေ
လုပ်ကိုင်နေက နောက်မီး တခုတည်းသာ လိုပေလိမ့်မည်။ (၀ါ) လွန်ခဲ့သော
ကိစ္စများကို မှတ်မိရန် အရေးကြီးပေလိမ့်မည်။

သို့သော် အရေးကြီးသော အလုပ်ကြီးများကိုဖြစ်စေ၊ အလုပ်သစ်
အလုပ်ဆန်းများကိုဖြစ်စေ လုပ်ကိုင်ရာ၌ နောက်မီးတခုတည်းနှင့် မလုံလောက်၊
ရှေ့မီးပါ ပါရလိမ့်မည်။ (၀ါ) မှတ်မိရုံနှင့် မပြီး၊ စဉ်းစားခြင်းကိုပါ
အသုံးပြုရပေလိမ့်မည်။

လူတိုင်းလူတိုင်းအား အောင်မြင်စေသည်မှာ နောက်မီးမဟုတ်။
ရှေ့မီးသာဖြစ်ကြောင်း အမြဲသတိရပါစေ။

၃၆။ မြို့တစ်မြို့

မြို့တစ်မြို့

တိုးတက်အောင်မြင်လိုသူတိုင်းအား အောက်ပါပုံတိုကလေးတခု ပြောပြပါရစေ။

ရွှေယုန်နှင့်ရွှေကျားအကြောင်းကို ပြောမည့်အစား
ဤပုံတိုကလေးကိုသားသမီးများအားပြောပြက အကျိုးရှိပေလိမ့်မည်။

ရှေးသရောအခါက မြို့တစ်မြို့ရှိသည်။ ၎င်းမြို့၏ အမည်မှာ "အောင်မြင်ခြင်း"
ဖြစ်သည်။ ၎င်းမြို့သို့သွားနိုင်သော ယာဉ်တခုသာ ရှိသည်။ ၎င်းယာဉ်ကို "အလုပ်"
ဟုခေါ်သည်။ ၎င်းမြို့၌ "ရိုးသားသော" ဧည့်သည်များနေထိုင်ရန်
အိမ်ကောင်းများရှိသည်။ အလုပ်ကို ကြောက်ရွံ့နောက်ဆုတ်နေသူများကိုကား
၎င်းမြို့သို့မလာနိုင်အောင်ပိတ်ဆို့ ကာဆီးထားသည်။

၎င်းမြို့သို့ရောက်နိုင်သော လမ်းကြီးမှာ "ယနေ့" ဖြစ်၍ အချိန်မရွေး
ဖွင့်၍ထားသည်။ ၎င်းလမ်းအတိုင်းသွားရန်အတွက် ရက်ရာဇာ၊ ပြဿဒါး ရွေးနေစရာမလို။
ယခုချက်ခြင်းပင်သွားလာနိုင်သည်။ "နက်ဖြန်" မှသွားခဲ့သော်
နောက်ကျနေပေလိမ့်မည်။

အဆိုပါလမ်းကြီးသည် ချောမွေ့ ဖြောင့်တန်းခြင်းမရှိ၊
တောင်တန်းကြီးငယ်အသွယ်သွယ်တို့ ဖြတ်သန်းကာဆီးလျက် ရှိသည့်အပြင်
လမ်းတလျှောက်၌ ဆူးငြောင့် ခလုတ်တို့ဖြင့် ပြည့်လျက် ရှိရကား
အတော်ပင်ကြမ်းတမ်း ခက်ခဲလှပေ၏။ ၎င်းလမ်းကြီးပေါ်၌ စတင်သွားလာသူသည်
အားရှိသမျှစိုက်ထုတ်သွားလာရပေမည်။ ဇွဲသတ္တိကောင်းရပေမည်။ သို့မဟုတ်က
လမ်းထက်ဝက်တွင် အားပြတ် နေပေလိမ့်မည်။

လမ်းခရီး တလျှောက်တွင် နေ့စဉ် နေ့တိုင်း "ဆုံးရှုံးသောမြို့"
"စိတ်ညစ်သောမြို့" "စိတ်ပျက်သောမြို့" အစရှိသည့် မြို့ကလေးများ
ကိုဖြတ်သန်းသွားလာရပေလိမ့်မည်။ သို့သော် ၎င်းမြို့ကလေးများ၌ ရပ်နား၍မနေရ။
နေခဲ့သော် "အောင်မြင်ခြင်း" မြို့ကြီးသို့ ရောက်နိုင်မည် မဟုတ်ပေ။

အောင်မြင်ခြင်း မြို့ကြီးသို့ ရောက်အောင်သွားရသည်မှာ
ခဲခက်ပင်ပန်းလှသော်လည်း မြို့တွင်းသို့ဝင်မိသည်နှင့် တပြိုင်နက် ချမ်းသာ
သုခကိုမုချခံစားရပေလိမ့်မည်။ ထိုအခါ မိမိ၏ခရီးထွက်လာမိခြင်းကိုပင်
ကျေးဇူးတင်၍မဆုံး ဖြစ်နေပေတော့မည်။ ငါအဆင်းရဲ့ခံပြီး ထွက်လာသည်၊
တယ်ဟန်ကျပါလားဟု ဥဒါန်းကျူးမိပေလိမ့်မည်။

၃၁။ တိုးတက်ရေးဆေးမြီးတို

တိုးတက်ရေးဆေးမြီးတို

အဆွေ၏အကြီးဆုံးသောပြဿနာသည်"အဆွေ"ပင်ဖြစ်သည်။

လူ့ ဘဝ၏သူရဲကောင်းအစစ်များသည် မျက်ရည်တွေကျလောက်အောင် ပူဆွေးနေရသော်လည်း
ပြုံးရယ်နိုင်သူများဖြစ်သည်။

စိတ်အားထက်သန်ခြင်းသည် အခြေပျက်ကိုအခြေကောင်းဖြစ်စေနိုင်သည်။

အမှားကိုစစ်ဆေးလိုသူသည် လူတော်ဖြစ်နိုင်သောအခွင့်ရေးရှိသည်။

ဆုံးရှူံးသောအခါ အံကြိတ်၍ အောင်မြင်သော အခါဘုရားရှိခိုးပါ။

အလုပ်တိုင်း၌ "ငါလုပ်နိုင်သည်" ဟူသောစကားလေးလုံးဖြင့်တံဆိပ်ကပ်ထားပါ။

အလုပ်လုပ်ခြင်းသာလျှင် စိတ်ရှုပ်ခြင်းကိုကုသနိုင်သည်။

တခုခုမှားယွင်းသောအခါ ပို၍မှားအောင်ပြုလုပ်မည့်သူထံသို
့ပြေးလွှားအကူညီတောင်းဆိုခြင်းမပြုပါနှင့်။

သူတပါးအားအပြစ်ပြောဆိုတတ်သူသည် အမြဲပင် စိတ်ညစ်နေရတတ်၏။

အစကောင်းခြင်းသည် အနှောင်းသေချာနိုင်၏။

ကျန်းမာရေးအတွက် တကျပ်သားမျှလေ့ကျင့်က စားခြင်းသည် တပိဿာမျှရှိသော
စိတ်ရှူပ်ခြင်းကို ပယ်ဖျက်နိုင်၏။

စိတ်ထား မှန်ကန်စွာ ထားတတ်က ရွှေထက် အဘိုးတန်သောပစ္စည်းများကို ရရှိနုင်သည်။

အလုပ်ကို ကြိုတင်စီစဉ်တတ်သူသည် အမြဲပင် လူအများ၏ရှေ.သို့  ရောက်နေတတ်၏။

ငယ်စဉ်က ရှင်ဘုရင်သားကဲ့သို့ နေခဲ့ရခြင်းသည် ကြီးသောအခါ အခက်အခဲတို့ကို
ပိုမိုတွေ့ကြု့စေတတ်၏။