Wednesday, July 8, 2009

၄၁။ မိမိဂုဏ်

မိမိဂုဏ်

ကျွန်ုပ်သည် ငွေကို ရနိုင်သမျှရအောင် ကြိုးစားရှာဖွေခဲ့သည်။ သို့သော် ငွေရှာရာ၌ ငွေထက်အဘိုးတန်သော ပစ္စည်း တခုကိုကား မပျောက်ဆုံးအောင် အမြဲသတိထားလေ့ရှိသည်။

ငွေထက်အဘိုးထိုက်တန်သော ပစ္စည်းဆိုသည်မှာ အခြားမဟုတ် မိမိဂုဏ်ကို မိမိရိုသေခြင်းပင်ဖြစ်သည်။ ငွေကို မက်မောခြင်းဖြင့် မိမိဂုဏ်ကိုမိမိမရိုသေဘဲ ငွေရလျှင်ပြီးရော သဘောမျိုးထားတက်သည့်သူများကို မကြာခဏ တွေ့ရပေသည်။ ဥပမာ လူတယောက်သည် ငွေမျက်နှာကိုကြည့်၍ လိမ်လည်ပြောဆို၏။ ထိုသူမှာ ငွေရသော်လည်း မိမိဂုဏ်ကို မရိုသေရာရောက်နေတော့၏။

မိမိဂုဏ်ကို မိမိရိုသေခြင်းသည် အလွန်အဘိုးထိုက်တန်သော ငွေစက္ကူနှင့်တူ၏။ ဤငွေစက္ကူမျိုးသည် ဘဏ်တိုက်ကြီးများရှိ ငွေထက် အဘိုးတန်လေသည်။ မိမိဂုဏ်ကိုမိမိပျက်အောင် ငွေရှာလေ့ရှိသူသည် အဘိုးတန်ငွေစက္ကူဆုံးရှုံးသွားသူနှင့်တူပေရာ သနားစရာကောင်းလှသည်။

ဘဏ်တိုက်၌ငွေမရှိသော်လည်း အဘိုးတန် ငွေစက္ကူများစွာပိုင်သူများကို အနည်းငယ်တွေ့ရဘူးသည်။ ၎င်းတို့မှာ မိမိဂုဏ်ကို မိမိရိုသေ၍ အဂတိ မလိုက်စားတက်သောသူများဖြစ်၏။ မိမိဂုဏ်ကို မိမိရိုသေခြင်းသည် ပျော်ရွှင်မှုအစစ်ကို ရရိုစေနိုင်၏။ မိမိဂုဏ်ကို မိမိရိုသေသောသူသည် စိတ်ထားကြည်လင်၍ မိတ်ကောင်းများစွာရရှိနိုင်လေသည်။

မိမိဂုဏ်ကို မိမိရိုသေတက်သူသည် ဂဏန်းဖြင့်ရေတွက်မပြနိုင်သည့် အဘိုးတန် ငွေစက္ကူများဖြင့် ပြည့်စုံချမ်းသာနိုင်ပေ၏။ ၎င်းငွေစက္ကူများကို မည်သည့်အစိုးရကမျှ အမြတ်တော်ကြေးမကောက်နိုင်။

ယခုခေတ်သည် ဓနခေတ်ဖြစ်၍ ငွေကိုအပြင်းအထန် ရှာဖွေနေကြရာ ပျော်ရွှင်မှုအစစ်တည်းဟူသော အဘိုးတန်ငွေစက္ကူများများရရှိနိုင်ရန်ကိုလည်း အထူးသတိပြုသင့်လှ၏။

No comments:

Post a Comment