တိုးတက်အောင်မြင်လိုသူတိုင်းအား အောက်ပါပုံတိုကလေးတခု ပြောပြပါရစေ။
ရွှေယုန်နှင့်ရွှေကျားအကြောင်းကို ပြောမည့်အစား
ဤပုံတိုကလေးကိုသားသမီးများအားပြောပြက အကျိုးရှိပေလိမ့်မည်။
ရှေးသရောအခါက မြို့တစ်မြို့ရှိသည်။ ၎င်းမြို့၏ အမည်မှာ "အောင်မြင်ခြင်း"
ဖြစ်သည်။ ၎င်းမြို့သို့သွားနိုင်သော ယာဉ်တခုသာ ရှိသည်။ ၎င်းယာဉ်ကို "အလုပ်"
ဟုခေါ်သည်။ ၎င်းမြို့၌ "ရိုးသားသော" ဧည့်သည်များနေထိုင်ရန်
အိမ်ကောင်းများရှိသည်။ အလုပ်ကို ကြောက်ရွံ့နောက်ဆုတ်နေသူများကိုကား
၎င်းမြို့သို့မလာနိုင်အောင်ပိတ်ဆို့ ကာဆီးထားသည်။
၎င်းမြို့သို့ရောက်နိုင်သော လမ်းကြီးမှာ "ယနေ့" ဖြစ်၍ အချိန်မရွေး
ဖွင့်၍ထားသည်။ ၎င်းလမ်းအတိုင်းသွားရန်အတွက် ရက်ရာဇာ၊ ပြဿဒါး ရွေးနေစရာမလို။
ယခုချက်ခြင်းပင်သွားလာနိုင်သည်။ "နက်ဖြန်" မှသွားခဲ့သော်
နောက်ကျနေပေလိမ့်မည်။
အဆိုပါလမ်းကြီးသည် ချောမွေ့ ဖြောင့်တန်းခြင်းမရှိ၊
တောင်တန်းကြီးငယ်အသွယ်သွယ်တို့ ဖြတ်သန်းကာဆီးလျက် ရှိသည့်အပြင်
လမ်းတလျှောက်၌ ဆူးငြောင့် ခလုတ်တို့ဖြင့် ပြည့်လျက် ရှိရကား
အတော်ပင်ကြမ်းတမ်း ခက်ခဲလှပေ၏။ ၎င်းလမ်းကြီးပေါ်၌ စတင်သွားလာသူသည်
အားရှိသမျှစိုက်ထုတ်သွားလာရပေမည်။ ဇွဲသတ္တိကောင်းရပေမည်။ သို့မဟုတ်က
လမ်းထက်ဝက်တွင် အားပြတ် နေပေလိမ့်မည်။
လမ်းခရီး တလျှောက်တွင် နေ့စဉ် နေ့တိုင်း "ဆုံးရှုံးသောမြို့"
"စိတ်ညစ်သောမြို့" "စိတ်ပျက်သောမြို့" အစရှိသည့် မြို့ကလေးများ
ကိုဖြတ်သန်းသွားလာရပေလိမ့်မည်။ သို့သော် ၎င်းမြို့ကလေးများ၌ ရပ်နား၍မနေရ။
နေခဲ့သော် "အောင်မြင်ခြင်း" မြို့ကြီးသို့ ရောက်နိုင်မည် မဟုတ်ပေ။
အောင်မြင်ခြင်း မြို့ကြီးသို့ ရောက်အောင်သွားရသည်မှာ
ခဲခက်ပင်ပန်းလှသော်လည်း မြို့တွင်းသို့ဝင်မိသည်နှင့် တပြိုင်နက် ချမ်းသာ
သုခကိုမုချခံစားရပေလိမ့်မည်။ ထိုအခါ မိမိ၏ခရီးထွက်လာမိခြင်းကိုပင်
ကျေးဇူးတင်၍မဆုံး ဖြစ်နေပေတော့မည်။ ငါအဆင်းရဲ့ခံပြီး ထွက်လာသည်၊
တယ်ဟန်ကျပါလားဟု ဥဒါန်းကျူးမိပေလိမ့်မည်။

No comments:
Post a Comment