ကြောက်စိတ်
အချို့လူများသည် "တစုံတခု" ကိုကြောက်လန့်နေကြသည်။ အချို့လူများသည် "တစုံတယောက်" ကိုကြောက်လန့်နေကြသည်။ ပထမ လူစုမှာ အလုပ်ပြုတ်ခြင်း၊ စည်းစိမ် ပျက်စီးခြင်း၊ လင်မယားသားသမီး ချစ်သူများနှင့် ကွဲကွာခြင်း စသည်တို့နှင့် တွေ့ကြုံရမည်ကို ကြောက်ရွံ့ခြင်းဖြစ်သည်။ ဒုတိယလူစုမှာ အထက်လူကြီးကို ဖြစ်စေ အောက်လူငယ်များကို ဖြစ်စေ၊ လင်ကိုဖြစ်စေ၊ မယားကိုဖြစ်စေ၊ သားသမီးကိုဖြစ်စေ၊ သူငယ်ချင်းကို ဖြစ်စေ ကြောက်လန့်နေသူများ ဖြစ်သည်။
၎င်းအကြောက်သမား ၂-မျိုးရှိသည့်အနက် ပထမအကြောက်သမားထက် ဒုတိယ အကြောက်သမားမျိုးမှာ သာ၍ ဆိုးလေသည်။ ဒုတိယ အကြောက်သမားသည် လူလူချင်း ကြောက်ရွံ့စရာ မဟုတ်ဘဲလျက် ကြောက်ရွံ့ နေသူများပေတည်း။
ကြောက်ခြင်းနှင့် ပက်သက်၍ ရယ်စရာ ကောင်းသော အချက်တရပ်မှာ ကြောက်ခြင်းကို အခြေအမြစ် လိုက်ရှာက ဘာမျှ မတွေ့ရခြင်းပင် ဖြစ်သည်။ လူများသည် ယခုလက်ရှိ သတ္တိကို အနည်းငယ် တိုးလိုက်ပါက ကြောက်ခြင်းမှာ ချက်ခြင်း ပျောက်ကွယ် သွားပေလိမ့်မည်။
အလုပ်ပြုတ်မည်ကို လူတိုင်းကြောက်နေကြ၏။ ထိုကဲ့သို့ ကြောက်နေသောအခါတွင်လူကြီးထံသို့သွားပါ။ အလုပ်နှင့်ပက်သက်၍ ကြေနပ်ခြင်း ရှိမရှိကို မေးမြန်းပြီးနောက် အလုပ်နှင့် ပက်သက်၍ မည်ကဲ့သို့တိုးတက် လုပ်ကိုင်ရမည်ကို အကြံညဏ်ပေးရန် တောင်းပန်ရမည်။ ထိုအခါ ကြောက်စိတ်ပျောက်သွားပေလိမ့်မည်။
မည်သည့်ကြောက်စိတ်မျိုးကိုမဆို ငါမကြောက်ဘူး၊ ငါမကြောက်ဘူး ဟုကြုံးဝါးလိုက်က ပပျောက်သွားစေနိုင်သည်။ကြောက်စိတ်ကို နဖူးတွေ့ ဒူးတွေ့ မျက်နှာခြင်းဆိုင်၍ ကြောက်စိတ်၏ ပုံသဏ္ဌာန်ကိုမြင်အောင်ရှုရမည်။ ဤကားကြောက်စိတ်ပျောက်အောင် လုပ်နည်းတည်း။ သို့သော် ကြောက်စိတ်ကို မြင်အောင်ရှုရန် ကြောက်ရွံ့နေခြင်းအတွက် အကြောက်မပြေဘဲ ပို၍ကြောက်နေ ကြခြင်းမျှသာ ဖြစ်သည်။
Sunday, June 14, 2009
Subscribe to:
Post Comments (Atom)

No comments:
Post a Comment