Wednesday, May 27, 2009

၂၀။ အစီအစဉ်

အစီအစဉ်

လူတယောက်သည် ပညာရှိ၏၊ ငွေရှိ၏၊ ကြိုးစား၏။ သို့သော် အစီအစဉ်မရှိက အလုပ်အကိုင် အလုပ်ကိုင်ရာ၌အောင်မြင်သင့်သလောက် အောင်မြင်နိုင်မည် မဟုတ်ပေ။

မည်သည့်အလုပ်အကိုင်အဆို မလုပ်မိ ကြိုတင်၍အဘယ်ပုံလုပ်ကိုင်မည်ကို အစီအစဉ် ကျကျနန ပြုလုပ်ထားမှသာ အောင်မြင်နိုင်မည်။ သို့မဟုတ်ပါက စမ်းတ၀ါးဝါးဖြစ်ကာ ပျက်စီးတက်၏။

စမ်းတ၀ါးဝါးဖြစ်နေသူသည် အောင်မြင်ခြင်းအတွက် မျှော်လင့်စရာမရှိ။ အများယောင်၍ ပေါင်ရပါသည်၊ အမောင် တောင်မှန်း မြောက်မှန်း မသိဟု အဆိုအပြောခံရသောသူများမှာ အစီအစဉ်မရှိသူများသာ ဖြစ်သည်။

ဥပမာ၊ အစည်းအဝေးတခုကို ပြုလုပ်သည်ဆိုပါစို့။ အစည်းအဝေးတွင် ပြောဆိုဆုံးဖြတ်မည့် အချက်အလက်များကို မစည်းဝေးမီက ကြိုတင်စီစဉ်ထားခြင်း မရှိက အစည်းအဝေးတွင် တယောက်တပေါက် ထင်ရာပြောကြခြင်းဖြင့် သောင်တင်ရေမကျဖြစ်ကာ နောက်ဆုံးပျက်သွားရလေသည်။

လောကတွင် ကံ ဥာဏ် ၀ီရိယ မှာ အရေးကြီး၏။ သို့သော် အစီအစဉ်မရှိက ကံ၊ ဥာဏ်၊ ၀ီရိယ တို့မှာ တန်ဘိုးရှိသင့်သလောက် မရှိဖြစ်တက်လေသည်။ သို့ဖြစ်ရာ အစီအစဉ်၏ တန်ဘိုးကို သေချာစွာသိနိုင်ရန် စာရွက်တခုပေါ်၌ ရှေ့လာမည့် သုံးလအတွင်း ဘာလုပ်မည်ဟု အစီအစဉ်ရေးဆွဲပြီး လုပ်ကိုင်ကြည့်ပါ။

သုံးလစေ့သောအခါ နောက်ထပ် ၃-လအတွက်ထပ်မံ အစီအစဉ်ပြုလုပ်ပါ။ ထိုအခါ အဆွေသည်လွန်ခဲ့သော ၃-လ အတွင်းမည်မျှအလုပ်ပြီးခဲ့သည်ကို တွေ့ရပေလိမ့်မည်။ ထိုကဲ့သို့တွေ့ရခြင်းသည် အဆွေအား အလုပ်တိုးတက် လုပ်ကိုင်လာချင်အောင် အားပေးပေလိမ့်မည်။

လောကတွင် အစီအစဉ်မရှိဘဲ လုပ်ကိုင်ရသော အလုပ်မျိုးမရှိ။ အစီအစဉ်နှင့် စံနစ်တကျလုပ်ကိုင်ခြင်းသည် အဆွေ့အား စိတ်ဓာတ်ကို အမြဲတက်ကြွစေပေလိမ့်မည်။

No comments:

Post a Comment