ရှေ့ဆောင်လမ်းပြ
ကူလီမှ ရှင်ဘုရင်အထိ မည်သူမဆို ရှေ့ဆောင်လမ်းပြ ဖြစ်နိုင်သော အခွင့်အရေးရှိသည်။ သို့ဖြစ်လျှင် ရှေ့ဆောင်လမ်းပြ ဆိုသည်ကား အဘယ်နည်း။
လယ်သမားတဦးသည် အာဏာရှင် ဟစ်တလာကို လယ်သမားများ၏ ရှေ့ဆောင်လမ်းပြဟုခေါ်မည်လော …။ ကုန်သည် တဦးသည် နန်းရင်ဝန် ချာချီလ်အား ကုန်သည်များ၏ ရှေ့ဆောင်လမ်းပြဟု ခေါ်ပါမည်လော။
၎င်းပုဂ္ဂိုလ်များသည် သူ့နေရာနှင့် သူသာလျှင် ရှေ့ဆောင်လမ်းပြဖြစ်၍ လူတိုင်းလူတိုင်း၏ အလုပ်အကိုင်အတွက် ရှေ့ဆောင်လမ်းပြ ဖြစ်သည်ဟု မပြောနိုင်။ ရှေ့ဆောင်လမ်းပြဆိုသည် မိမိ လုပ်ကိုင်လိုသော အလုပ်များကိုသာ တွေးတောစဉ်းစားမနေဘဲ မိမိလက်ရှိအလုပ်ကို သူတပါးထက် ထူးခြားစွာ လုပ်ကိုင်တက်ခြင်းမျိုးကို ဆိုလိုသည်။
ရှေ့ဆောင်လမ်းပြ လုပ်သူ၏ အရေးအကြီးဆုံးအရည်အချင်းတခုမှာ အလုပ်အကိုင်ကြီး တခုကို ယနေ့လုပ်မည်ဟု ကတိထားပြီးနောက် ယနေ့စတင် လုပ်ကိုင်ခြင်းပင်ဖြစ်သည်။ ယနေ့ လုပ်မည်အလုပ်ကို နက်ဖြန်အထိ ဆွဲထားတက်သူသည် ရှေ့ဆောင်လမ်းပြမဟုတ် နောက်ပြန်လမ်းပြ ဖြစ်သည်။
“တနေ့နေ့မှ လုပ်မည်” ဟုမပြောနှင့်။ “ယနေ့လုပ်မည်” ဟုပြောပါ။
ရှေ့ဆောင်လမ်းပြ လုပ်သူသည် တောင်တက်သူနှင့် အလွန်တူသည်။ တောင်တက်သူ တဦးသည် တောင်မတက်မီ တောင်ထွဋ်တောင်ထိပ်ကို မြင်အောင်ရှု၍ တောင်မည်မျှ မြင့်သည်ကို တွက်ချက်တက်လေသည်။ ထို့အတူ ရှေ့ဆောင်လမ်းပြ လုပ်သူသည် အလုပ်တခုကို လုပ်တော့မည်ဆိုက အလုပ်၏ အထွဋ်အထိပ်ကို မြင်အောင်ရှုရ၏။ လုပ်ကိုင်မည့် နည်းစံနစ်များကို တွက်ချက်ကြည့်ရလေသည်။
မည်သည့် အလုပ်၌မဆို ရှေ့ဆောင်လမ်းပြ ဖြစ်စေရမည်။ လယ်သမားဖြစ်လျှင် အကောင်းဆုံး လယ်သမားဖြစ်အောင် ကြိုးစားပါ။ လခစားဖြစ်လျှင် အကောင်းဆုံး လခစားဖြစ်အောင် ကြိုးစားပါ။ ကုန်သည်ဖြစ်လျှင် အကောင်းဆုံး ကုန်သည်ဖြစ်အောင် ကြိုးစားပါ။
Tuesday, May 26, 2009
Subscribe to:
Post Comments (Atom)

No comments:
Post a Comment