Thursday, May 21, 2009

အမှာစာ

အခုဖော်ပြထားသော အကြောင်းအရာများသည် ဆရာ တက္ကသိုလ် ဆုမြိုင် ရေးသားခဲ့သော “၅ မိနစ် (သို့) အောင်မြင်ရေး ၁၀၈ နည်း” စာအုပ်တွင် ပါဝင်သော အကြောင်းအရာများထဲမှ ရွှေးထုတ်ထားသော အကြောင်းအရာများသာဖြစ်ပါသည်။ ကျနော်အနေနှင့် အကြောင်းကြောင်းကြောင့် နည်းလမ်း ၁၀၈ ခုစလုံးကို အကုန်မဖော်ပြနိုင်ခြင်းအတွက် စာဖတ်သူ သူငယ်ချင်းအပေါင်းအားရှေးဦးစွာ တောင်းပန်အပ်ပါသည်။ ပထမဦးဆုံးအနေနှင့် ဆရာ တက္ကသိုလ် ဆုမြိုင်၏ ဤစာအုပ်နှင့်ပက်သက်၍ရေးသားထားသော အမှာစာကိုဖော်ပြလိုပါသည်။ စာအရေးအသားနှင့်ပက်သက်၍လည်း မှုရင်းစာအုပ်တွင်ရေးသားထားသည့် ပုံစံအတိုင်းသာပြန်လည်ရေးသားထားခြင်းဖြစ်ပါသည်။

စာရေးသူ၏ အမှာစာ

ဤစာအုပ်ကို ဘတ်ရှုလေ့လာရာ၌အောက်ပါအချက်များကို အထူးသတိပြုစေလိုသည်။

၁။ ဤစာအုပ်ပါနည်း ၁၀၈ ကို တနေ့လျှင် တနည်းကျ ၅-မိနစ်ခန့်ဘတ်ပါ။ တအုပ်လုံးကို တဆက်တည်းမဘတ်ပါနှင့်။

၂။ ဘတ်ရန် အကောင်းဆုံးအချိန်မှာ နေ့စဉ်နံနက်စောစောအချိန်ဖြစ်ပါသည်။ နံနက် စောစော အချိန်တွင် ဘုရားရှိခိုးပြီး မေတ္တာပို့ပါ။ စိတ်ကြည်နိုင်သမျှ ကြည်လင်အောင်ထား၍ ဘတ်ပါလေ။

၃။ လူသံမကြား တိတ်ဆိတ်ငြိမ်သက်သော နေရာ၌ ဘတ်စေချင်၏။ စာဘတ်နေစဉ်အနှောက်အယှက်မရှိအောင် တံခါးပိတ်၍ ဘတ်ပါက ပို၍ကောင်းသည်။

၎။ စာဘတ်ရာ၌ အပိုဒ်တိုင်းအပိုဒ်တိုင်းကို ဖြည်းညှင်းစွာ ဘတ်၍စဉ်းစားပါ။ တကြိမ်ဘတ်ရုံနှင့် မကျေနပ်ပါနှင့်။ အကြိမ်ကြိမ်ဘတ်နိုင်သမျှ ဘတ်စေလို၏။

၅။ ဤစာအုပ်တွင်ဖော်ပြသော နည်းများမှာအကျဉ်းချုပ်ပါက (က)ကျန်းမားရေး၊ (ခ)ကြီးပွားတိုးတက်ရေး (ဂ)စိတ်ဓါတ်ရင့်သန်မြင့်မြတ်ရေးနှင့်၊ (ဃ)လူမှုဆက်ဆံရေးတို့ကို မြှော်မှန်းရှေ့ရှုထားပေရာ ၎င်းအချက်ကြီး လေးရပ်အနက် အရပ်ရပ်တွင် အကျုံးဝင်ကြောင်း သတိပြုပါလေ။

၆။ ဤစာအုပ်၏ အဆီအနှစ်မှာ ၁။ အချိန်၏တန်ဘိုး ၂။ ဇွဲ၏တန်ဘိုး၊ ၃။ အလုပ်၏တန်ဘိုးတို့ကို သိရှိစေလိုခြင်းပင်ဖြစ်သည်။ ၎င်းအင်္ဂါရပ် ၃-ရပ် ကြီးထွားရန် အမြဲလေ့ကျင့်ပေးပါ။

၇။ ဤစာအုပ်ကို အမြဲဆောင်ထားပါ။ နေ့စဉ်ဘတ်ပါ။ ဘတ်ပြီးသမျှကို စိတ်တွင်စွဲလာအောင် စဉ်းစားကြံဆပါ။

စဉ်းစားပြီး သဘောကျနေရုံနှင့် မပြီး၊ လက်တွေ့ လုပ်ကိုင်ပါ။ အကောင်အထည်ဖေါ်ပါလေ။ စိတ်ကူးယဉ်သမားအဆင့်တွင် ကျေနပ်မနေဘဲ လက်တွေ့အလုပ်သမားအဆင့်ရောက်အောင် ကြိုးစားပါလေ။ လောကတွင် ဆုတောင်းခြင်း အမျိုးမျိုးရှိသည့်အနက်အမြန်ဆုံးမိမိလိုသမျှဆုတောင်းနည်းသည် “အလုပ်လုပ်ခြင်း” ပင်ဖြစ်သည်။

အထက်ပါအကြံပေးချက် ၇-ချက် ကိုသတိထားလိုက်နာပါက ရိုးရိုးဘတ်သည်ထက် အကျိုးကျေးဇူး ပိုမိုခံစားရပေလိမ့်မည်။

No comments:

Post a Comment